ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ မှတ်ပုံတင်အမှတ် ၁၈၄၆၇၆၉၆၆ ဖြင့် မှတ်ပုံတင်၍ အမှတ် ၂၂၁၊ ဆူးလေဘုရားလမ်း၊ Level ၁၇၊၂၂၊၂၃၊ ကျောက်တံတား မြို့နယ် ရန်ကုန်မြို့လိပ်စာတွင် ဖွဲ့စည်းတည်ထောင်ထားရှိသော ATOM Myanmar Ltd.(သို့မဟုတ် ATOM ) တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ ATOM ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် သဘောတူပြီး ဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။
သဘောတူညီချက်ကာလ
(၁) ဤသဘောတူညီချက်သည် ဝန်ဆောင်မှုစတင်အသုံးပြုသည့်နေ့မှစ၍ အကျုံးဝင်မည်ဖြစ်ပြီး မသုံးစွဲတော့သည်အထိတိုင် ဤစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာ ကျင့်သုံးရမည် ဖြစ်သည်။ နားလည်မှုလွဲခြင်း ကိစ္စရပ်များအား ရှောင်ရှားရန်အတွက် ဝန်ဆောင်မှု စတင် အသုံးပြုသည့်နေ့စွဲအား သုံးစွဲရန် စာရင်းပေးသွင်းသည့်နေ့စွဲအတိုင်းဖြစ်ကြောင်း ယူဆမည် ဖြစ်သည်။ ဤအချက်နှင့်အညီ သုံးစွဲသူသည် ATOM Business Call Center ၌ သုံးစွဲမှုအား ရပ်ဆိုင်းရန် တောင်းဆိုနိုင်ပါသည်။
ဝန်ဆောင်မှုဆိုင်ရာ ပြဌာန်းချက်
(၁) ATOM Power Broadband ဝက်ဘ်ဆိုက်မှ ဝန်ဆောင်မှုနှင့်ပတ်သက်သော နောက်ဆုံး သတင်း အချက်အလက်များအား သိရှိနိုင်မည်ဖြစ်သည်။
(၂) ဝန်ဆောင်မှုသည် LTE/4Gကွန်ယက် လွှမ်းခြုံထားသည့် သတ်မှတ်ထားသော နေရာများတွင်သာ ရရှိနိုင်မည် ဖြစ်ပါသည်။
(၃) ဝန်ဆောင်မှုကို မဝယ်ယူခင် လူကြီးမင်းအသုံးပြုလိုသော နေရာတွင် ဝန်ဆောင်မှု ရနိုင်/မရနိုင်ကို စစ်ဆေးရမည်ဖြစ်ပြီး powerbroadband.atom.com.mm/en ဝက်ဘ်ဆိုက် တွင် စာရင်းသွင်းရမည် ဖြစ်သည်။
(၄) စာရင်းပေးသွင်းရန်အတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်အချို့ဖြစ်သော ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် ကွန်နက်ရှင်၏ အရည်အသွေးကိုသေချာစေရန် ဝန်ဆောင်မှုကိုအသုံးပြုမည့် လိပ်စာအား ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
(၅) စာရင်းသွင်းရာတွင် ဖြည့်သွင်းထားသော ဝန်ဆောင်မှုသုံးစွဲရန် လိပ်စာသည် ဝန်ဆောင်မှု အမှန်တကယ်အသုံးပြုသော လိပ်စာနှင့်တူညီရပါမည်။
(၆) ဝန်ဆောင်မှုအားအသုံးပြုရန် အောင်မြင်စွာ စာရင်းပေးသွင်းပြီး ဝန်ဆောင်ခပေးချေပြီးပါက၊ လူကြီးမင်းသည် အောက်ပါအတိုင်း လက်ခံရရှိပါလိမ့်မည်။
ATOM Power Wireless အိမ်သုံးကြိုးမဲ့ router (၁)လုံး
4G ဒေတာ ဆင်းမ်ကဒ် (၁)ခု (routerအတွင်း ထည့်သွင်းထားပြီး)
ငွေပေးချေမှု ပြေစာ (အီးမေးလ် (သို့) စာတို မှတဆင့်)
Router set-upအတွက် လမ်းညွှန်
(၇) လူကြီးမင်းမှ ဝန်ဆောင်မှု အသုံးပြုရမည့် Router ကို နီးစပ်ရာ ATOMဆိုင်ခွဲတွင် သွား ရောက်ယူခြင်း (သို့) powerbroadband.atom.com.mm/en ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ထားသည့် ဝန်ဆောင်မှု အသုံးပြုမည့် နေရာအား ပေးပို့ မှာယူနိုင်ပါသည်။
(၈) လူကြီးမင်းသည် အောက်ပါအတွက် တောင်းဆိုနိုင်ပါသည် -
စတင်အသုံးပြုသည့်နေ့မှစ၍ ဝန်ဆောင်မှု သုံးစွဲသည့်လိပ်စာအား ဝန်ဆောင်မှု ရရှိနိုင်သော နေရာအသစ်သို့ ပြောင်းရွှေ့လိုပါက powerbroadband.atom.com.mm/en ဝက်ဘ်ဆိုက် မှတစ်ဆင့်ကြိုတင်အကြောင်းကြားပြီး နေရာပြောင်းအသုံးပြုနိုင်ပါသည်။
ATOM Home Wireless Router
(၁) အသုံးပြုမှု
Router ၏ ဝိုင်ဖိုင် ကွန်ယက် ကို အင်တာနက်အသုံးပြုနိုင်သော စက် ၅ ခုအထိ အများဆုံးချိတ်ဆက်နိုင်ပါသည်။
(၂) အာမခံ
အာမခံကာလမှာ routerကိရိယာအတွက် ဝယ်ယူသည့်နေ့စွဲမှ (၆)လအတွင်း (activation မပြုလုပ်မီ) ဖြစ်သည်။
အောက်ပါ ချို့ယွင်းချက်များအတွက် အာမခံရှိပါသည်။
ညွှန်ပြသော ကိရိယာမီးများ (indicators)များ အလုပ်မလုပ်ခြင်း (ပါဝါမီး၊ ကွန်ယက်အခြေအနေ၊ Wi-Fi၊ LAN/WAN၊ Signal Strength)
ပါဝါမီးကြိုးအလုပ်မလုပ်ခြင်း
ခလုတ်များ အလုပ်မလုပ်ခြင်း
Network port အလုပ်မလုပ်ခြင်း
အောက်ပါ ချို့ယွင်းမှုများအတွက် အာမခံပေးခြင်း မရှိပါ။
Router အား အလွဲသုံးစားပြုလုပ်ခြင်း၊ မတော်တဆဖြစ်ခြင်း၊ ရွှေ့ပြောင်းခြင်း နှင့် အခြားရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ၊ မလျော်ကန်စွာ တပ်ဆင်ခြင်း၊ ပုံမှန်မဟုတ်စွာ ကိုင်တွယ်အသုံးပြုခြင်း၊ ဂရုတစိုက်အသုံးပြုမှု မရှိခြင်း၊ ရေလွှမ်းမိုးမှု၊ မီး၊ ရေ နှင့် အခြားသောအရည်များကြောင့် ပျက်စီးခြင်း
ATOM မှ လုပ်ပိုင်ခွင့်ပေးအပ်ခြင်းမရှိသောသူများတစ်ယောက်၏ ပြုပြင်မှု (သို့) ပစ္စည်းများ လဲလှယ်မှု၊ ပြောင်းလဲမှု ကြောင့် Router ပျက်စီးမှု ဖြစ်ပေါ်ခြင်း၊
ATOM branded မဟုတ်သော ထုတ်ကုန်(သို့)ဆက်စပ်ပစ္စည်းများ အသုံးပြုခြင်း ကြောင့် ချို့ယွင်းချက် (သို့) ပြဿနာများဖြစ်ခြင်း
အာမခံ/quality စတစ်ကာများ (သို့) ပစ္စည်း၏ စီရီယာယ်နံပါတ်အား ခွာထားခြင်း (သို့) ပြောင်းလဲထားခြင်း (သို့) ဖတ်မရအောင် ပျက်စီးနေခြင်း
ဝယ်ယူထားခြင်းနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်ထားမပါခြင်း
ATOM Power Broadband မှ ခန့်အပ်/လုပ်ပိုင်ခွင့်ပေးထားသော ပြုပြင်ရေးစင်တာသို့ မပြည့်စုံသော အချက်အလက်များသာ ပေးထားခြင်း
(၃) ATOM Power Broadband သည် မည်သည့်အခြေအနေတွင်မဆို အာမခံသက်တမ်းအတွင်းရှိပါက ငွေပြန်အမ်းမည် မဟုတ်ပါ။ ၄င်းအစား ATOM Power Broadband မှ ချို့ယွင်းချက်ရှိသော ပစ္စည်းများအား ပစ္စည်းအသစ်များနှင့် အစားထိုးပြန်လည်လဲလှယ်ပေးပါမည်။ အစား ပြန်လဲပေးသော ပစ္စည်းများအတွက် အာမခံကာလအား အသစ်မှစပြီး ပြန်လည်တွက်ချက် ပေးမည်မဟုတ်ပါ။ မူလ ဝယ်ယူထားသည့်နေ့နှင့် မူလ အာမခံကာလအတိုင်းသာ အစား ပြန်လဲ ပေးသော ပစ္စည်းများအတွက် အာမခံကာလကိုတွက်ယူမည်ဖြစ်ပါသည်။
ဝန်ဆောင်မှုအသုံးပြုသူများ၏ တာဝန်
(၁) ATOM Power Wireless ဝန်ဆောင်မှုများကို ဝယ်ယူပြီးပါက ရက်ပေါင်း ၁၈၀ အတွင်း စတင်အသက်သွင်း (Activate) ရန် လိုအပ်ပါသည်။ သတ်မှတ်ရက်ထက် ကျော်လွန် ပါက ဝန်ဆောင်မှုသည် အလိုအလျောက် သက်တမ်းကုန်ဆုံးပြီး ရပ်စဲမည် ဖြစ်ပါသည်။ ဤ စည်းကမ်းချက်သည် အိမ်သုံး ATOM Power Wireless ပလန်အားလုံးနှင့် သက်ဆိုင်ပြီး၊ ဝန်ဆောင်မှု စတင် အသက်မသွင်းခြင်းကြောင့် ရပ်စဲခံရပါက ကျန်ရှိသော လက်ကျန်ငွေများကို ပြန်လည် ရရှိနိုင်မည် မဟုတ်ပါ။
(၂) ပစ္စည်းကိရိယာများကို အန္တရာယ် ကင်းကင်းနှင့် မှန်မှန်ကန်ကန်အသုံးပြု ရမည်ဖြစ်ပြီး အောက်ပါအချက်များအတွက် ၀န်ဆောင်မှုအသုံးပြုသူအား တာဝန်ရှိသူအဖြစ် သတ်မှတ်ပါသည်။
မိမိနှင့်သက်ဆိုင်သော စက်ပစ္စည်းကိရိ ယာ များကို ခိုးယူမှု၊ ပျောက်ဆုံးမှု နှင့်ပျက်စီးမှုများ မဖြစ်ပေါ်စေရန် လုံခြုံစွာသိမ်းဆည်းရန်
ဝယ်ယူစဉ်က ပါရှိသော အသုံးပြုမှုဆိုင်ရာလမ်းညွှန်များအတိုင်း သုံးစွဲရန်
စက်ကိုသာမက စက်၏အရေးကြီးသောအချက်အလက်များ ( အစရှိသဖြင့်) ကို မိမိ၏ခွင့်ပြုချက်မရှိပဲ အခြားသူများမသိရှိစေရန်။ စက်၏အရေးကြီးသောအချက်အလက်များ နှင့် စက်လက်ဝယ်ပိုင်ဆိုင်သူအား စာရင်းသွင်းထားသော အကောင့်ပိုင်ရှင်အဖြစ်ယူဆမည်ဖြစ်ပါသည်။
(၃) ဝန်ဆောင်မှုအသုံးပြုသော နေရာနှင့် ပတ်သက်၍ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း များအတိုင်း လိုက်နာရန် တာဝန်ရှိပါသည်။
(၄) ပေးသွင်းထားသောအချက်အလက်များ ( ဖုန်းနံပါတ်၊ ဝန်ဆောင်မှု သုံးစွဲ သည့်လိပ်စာ အစရှိသဖြင့်) ပြောင်းလဲလိုပါက ATOM Power Broadband ဝက်ဘ်ဆိုဒ် မှတစ်ဆင့် ဝန်ဆောင်မှု လိပ်စာအသစ် ပြောင်းလဲပေးခြင်း၊ အချက်အလက်များ အသစ်ပေးသွင်းပေးခြင်း တို့အတွက် ၀န်ဆောင်မှုသုံးစွဲသူတွင် တာဝန်ရှိပါသည်။
(၅) ATOM Power Broadband ဝန်ဆောင်မှုအသုံးပြုနေစဥ်အတွင်း သက်ဆိုင်ရာ တည်ဆဲဥပဒေ နှင့် နည်း ဥပဒေများအား လိုက်နာရမည်ဖြစ်ပြီး ဥပဒေဖောက်ဖျက်သော (သို့) မမှန်ကန်သော နည်းလမ်း များဖြင့် အသုံးပြုခြင်းမပြုရပါ။
မျှတစွာသုံးစွဲခြင်း မူဝါဒ
(၁) မျှတစွာသုံးစွဲခြင်းမူဝါဒတွင် ဝန်ဆောင်မှုသုံးစွဲသူ အများဆုံးအရေအတွက်ကိုသတ်မှတ်ပြီး အကောင်းဆုံးအင်တာနက် အတွေ့အကြုံအားလုံး ရရှိစေရန် ရည်ရွယ်ပါသည်။ ဤမူဝါဒမှာ သတ်မှတ်ထားသည့် အင်တာနက်အသုံးပြုမှုထပ် ကျော်လွန်အသုံးပြုခြင်းကို တားမြစ်ထားခြင်းဖြစ်ပြီး သုံးစွဲသူအားလုံးအတွက် ဝန်ဆောင်မှုအသုံးပြုမှု အတွေ့အကြုံ ဆက်လက် ကောင်းမွန်နေစေရန် အာမခံပေးပါသည်။
(၂) မျှတစွာသုံးစွဲခြင်းမူဝါဒ (FUP) သည် Unlimited ပက်ကေ့ချ်များအတွက်သာ သက်ဆိုင် ပါသည်။ ပုံမှန်အင်တာနက်အမြန်နှုန်းမှာ ဝယ်ယူထားသော ပလန်အမျိုးအစားပေါ်တွင် မူတည် ပါသည်။ သတ်မှတ်ထားသော နေ့စဉ်အသုံးပြုမှုပမာဏ (Daily FUP limit) ပြည့်သွားပါက အင်တာနက်မြန်နှုန်းမှာ 0.5 Mbps သို့ လျှော့ချသွားမည်ဖြစ်ပါသည်။ ဝယ်ယူ ထားသော ပက်ကေ့ချ်သက်တမ်းအတွင်း သတ်မှတ်ထားသောအချိန် (Reset time) ရောက်ရှိ ပါက မူလ အမြန်နှုန်းသို့ ပြန်လည်ရောက်ရှိပါမည်။ အသုံးမပြုရသေးသော လက်ကျန်ဒေတာများကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီးနောက် နောက်တစ်ကြိမ်အတွက် ထည့်သွင်းအသုံးပြု၍ ရမည်မဟုတ်ပါ။
(၃) Peer-to-Peer software/applications (Bit Torrent) တို့ ဖြင့် ဖိုင်များ ပေးပို့ခြင်း ရယူခြင်းများ ၊ သုံးစွဲခြင်းများမှာ ကွန်ရက်မြန်နှုန်းနှင့် အခြားအင်တာနက်သုံးစွဲသူများကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။ သတ်မှတ်ထားသော မျှတစွာသုံးစွဲနိုင်မှု ဒေတာပမာဏ တွင် Peer-to-Peer software/applications သုံးခြင်းအတွက်ပါ ပါဝင်ပြီးဖြစ်ပါသည်။
(၄) Adds-on ဒေတာပက်ကေ့ချ်တွင် မျှတစွာသုံးစွဲခြင်း မူဝါဒ မသက်ရောက်ပါ။
ATOM ပေါ်လစီ နှင့် မြန်မာ့ဥပဒေများဖြင့် ကိုက်ညီမှုရှိရေး
(၁) တရားဥပဒေနှင့်ဆန့်ကျင်သော (သို့) တရားမဝင်သော ရည်ရွယ်ချက်များအတွက် ဝန်ဆောင်မှုကို သုံးစွဲခြင်းမပြုဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။ မြန်မာ့ ဥပဒေများကို တစ်စုံတစ်ရာ ချိုးဖောက်သည့်ကိစ္စရပ်များအပြင် အောက်ပါ ကိစ္စရပ်များ အတွက်လည်း ဝန်ဆောင်မှုကို သုံးစွဲခြင်းမပြုရန် လူကြီးမင်းသဘောတူညီပါသည်။
ပေးပို့ခြင်း၊ လက်ခံခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ ပြန့်နှံ့စေခြင်း၊ ယင်းကို လက်ခံရန် အားပေးအားမြှောက်ပြုခြင်း၊ uploadတင်ခြင်း၊ downloadဆွဲခြင်း၊ သို့မဟုတ် ပုတ်ခတ်စော်ကားသော၊ ရုန့်ရင်းကြမ်းတမ်းသော၊ အသရေပျက်စေသော၊ ရိုင်းပျသော၊ မယဉ်ကျေးသည့် ပစ္စည်းတစ်စုံတစ်ရာကို အသုံးပြုခြင်း၊ တရား ဥပဒေ နှင့်ဆန့်ကျင်သော၊ အနှောက်အယှက်ပြုသော သို့မဟုတ် ခြောက်လှန့်ခြင်း၊ သို့မဟုတ် မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ခွင့်၊ ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်များ၊ လျှို့ဝှက် ချက်များ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် သို့မဟုတ် တစ်စုံတစ်ဦး၏ အခြားမည့်သည့် အခွင့်အရေးများကိုမဆို ချိုးဖောက်ခြင်း
သင့်အနေဖြင့် ရုံး/corporate packages အစီအစဉ်အောက်တွင် ဝယ်ယူ ထား ခြင်းမရှိဘဲ လုပ်ငန်းအတွက် ရည်ရွယ်ခြင်း
corporate package အောက်တွင်စီစဉ်ဝယ်ယူထားရှိမှုကို ပုံမှန် မဟုတ်သော လုပ်ငန်းအတွက် ရည်ရွယ်သုံးစွဲခြင်း
သဘောဆန္ဒတောင်းခံထားခြင်းမရှိသော အီးမေးလ်များ(unsolicited emails/ spam emails)၊ သို့မဟုတ် စာတို သတင်းများ၊ ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင် ရေးဆိုင်ရာကိစ္စများ၊ မည်သည့် ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများကိုမဆို ရောင်းချရန်ကမ်းလှမ်းခြင်း၊ သို့မဟုတ် စစ်တမ်းကောက်ယူမှု ဆောင်ရွက်ခြင်း သို့မဟုတ် ယင်းတို့ကိုပေးပို့ခြင်း၊ ပြိုင်ပွဲများ သို့မဟုတ် အဆက်မပြတ်တရပ်စပ် စာပေးပို့ခြင်း သို့မဟုတ် uploadတင်ခြင်း
(ဗိုင်းရပ်များပါသော ဖိုင်များ၊ သို့မဟုတ် အခြားသော အလားတူ ဆော့ဖ်ဝဲ သို့မဟုတ် ပရိုဂရမ်များ အကန့်အသတ်မဲ့ အပါအဝင်) များကို ယင်းတို့သည် ATOM သို့မဟုတ် အခြားမည်သည့် အင်တာနက် သုံးစွဲသူ သို့မဟုတ် လူပုဂ္ဂိုလ်တို့မဆို ပိုင်ဆိုင်သော မည်သည့် ကွန်ပြူတာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ(hard ware)တို့၏ စွမ်းဆောင်မှု၊ လုပ်ဆောင်မှုတွင်မဆို အနှောက် အယှက်ပြု ခြင်း၊ ပျက်ပြားစေခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ကန့်သတ်ဟန့်တားမှုတို့ကို ဖြစ်ပွါးစေမည် သို့မဟုတ် ဖြစ်တန်စွမ်းရှိမည်ဟု သိရှိထားသော မည်သည့် အီလက် ထရွန်းနစ် အရာဝတ္ထု(electronic material) သို့မဟုတ် SMS /စာတိုသတင်းတို့ကိုမဆို တမင် ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် ပေါ့လျော့ပျက်ကွက်သော အားဖြင့်ဖြစ်စေ ထုတ်လွှင့် ခြင်း သို့မဟုတ် uploadတင်ခြင်း
တစ်ပါးသူ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ကျူးကျော်သည့် လုပ်ရပ်များကို ဆောင်ရွက်စေခြင်း၊ ငြိုငြင်မှုကိုဖြစ်စေခြင်း၊ အနှောင့်အယှက်ပြုခြင်း သို့မဟုတ် မည်သူ့ကိုမဆို မလိုလားအပ်သော စိုးရိမ်မှုများ ဖြစ်စေခြင်း
Download ဆွဲခြင်း၊ တပ်ဆင်အသုံးပြုခြင်း သို့မဟုတ် ခိုးယူကူးချထားသော ဆော့ဖ်ဝဲများ သို့မဟုတ် သင့်လျော်မှန်ကန်သည့်နည်းဖြင့် ခွင့်ပြုထားခြင်းမရှိသည့် ဆော့ဖ်ဝဲများကို ဖြန့်ချီခြင်း
မူလပိုင်ရှင်/ဖန်တီးရှင်ဆိုင်ရာ ဖေါ်ပြချက်များ၊ တရားဥပဒေရေးရာ သတိပေး ချက်များ သို့မဟုတ် မူပိုင်ဖြစ်ကြောင်း ရေးသားဖေါ်ပြချက်များ သို့မဟုတ် upload တင်ထားသော မည်သည့် ဖိုင်များတွင်မဆို ခပ်နှိပ်ရေးထိုးထားသော တံဆိပ်များကို ဖျောက်ဖျက်ခြင်း သို့မဟုတ် ဆော့ဖ်ဝဲ သို့မဟုတ် အခြားအရာဝတ္ထုပစ္စည်းများ မူလ သို့မဟုတ် အရင်းအမြစ်ကို အတုအပ ပြုလုပ်ခြင်းတို့ အပါအဝင် တရားမဝင် အခြားသော မည့်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း တို့၏ အခွင့်အရေးများကိုမဆို ချိုးဖောက်ရာရောက်သည့် ဆောင်ရွက်ချက်များကို ခွင့်ပြုပေးခြင်း
ကွန်ရက်အား ချွတ်ယွင်းပျက်ပြားစေခြင်း သို့မဟုတ် သတင်းအချက်အလက်၊ ဆော့ဖ်ဝဲနှင့် အချက်အလက်များကို ကွန်ရက်ပေါ်တွင် ထုတ်လွှတ်စေခြင်း၊ ပေးအပ်စေခြင်းငှာ ကြီးကြပ်ဆောင်ရွက်ခြင်း သို့မဟုတ် ATOM ၏ ကွန်ရက် သို့မဟုတ် ဝန်ဆောင်မှုတို့ကို အဟန့်အတား သို့မဟုတ် ဝင်ရောက် အနှောင့်အယှက် ဖြစ်စေခြင်းငှာ မည်သည့်အရာကိုမဆို ခွင့်ပြုပေးခြင်း ဖြစ်စေခြင်း
"ဝန်ဆောင်မှုကို ငြင်းပယ်စေခြင်း" ဖြင့်တိုက်ခိုက်ခြင်း၊ "စာပို့-ဗုန်းကြဲခြင်း"ဖြင့်တိုက်ခိုက်ခြင်း၊ "spam စာပို့ခြင်း" Mail bombing”၊ “Spamming” သို့မဟုတ် “Flooding” တိုက်ခိုက်မှုများ သို့မဟုတ် မူလပင်မ host ကိုတိုက်ခိုက်ခြင်း မပြုရပါ။
အလွန်အကျွံ သုံးစွဲမှုပြုခြင်း၊ သို့မဟုတ် ကွန်ရက်ပေါ်တွင် ပုံမှန်မဟုတ်သည့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ဥပမာ။ ။ အလွန်ကြီးမားများပြားသော အီးမေးလ် သို့မဟုတ် စာတိုသတင်းများ သို့မဟုတ် မေးလ်တွင် အထူးကြီးမားလှသည့် နောက်ဆက်တွဲများထည့်၍ ပေးပို့ခြင်း
ကွန်ရက်တစ်ခု သို့မဟုတ် မူလပင်မ host ၏ သုံးစွဲသူအစစ်အမှန် ခွဲခြားစစ်ဆေးအတည်ပြုရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လှည့်ဖျားရှောင်လွှဲခြင်း၊ သို့မဟုတ် လွဲမှားစေသော အချက်အလက် သို့မဟုတ် လွဲမှားစေသော အစီအစဉ်များ၊ ထရိုဂျန်(Trojan)၊ မည်သည့် ဗိုင်းရပ်စ်များကိုမဆို ဖန်တီး ပြုလုပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊ သိုလှောင်ထားခြင်း သို့မဟုတ် ထုတ်ဝေပေးခြင်း
(၂) ယင်းတို့အပြင်၊ လူကြီးမင်းသည် -
port scanning ဆော့ဖ်ဝဲကို ATOM ၏ မည်သည့် ကွန်ရက်ပေါ်တွင်မှ လည်ပတ်လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ
မည်သည့် ကွန်ပြူတာစနစ်ကိုမဆို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခြင်းမပြုရ
ATOM အပေါ်တွင် ဆိုးကျိုးသက်ရောက်စေသည့် လုပ်ကိုင်ဆောက်ရွက်မှု တစ်စုံတစ်ရာကိုမျှ တာဝန်ယူဆောင်ရွက်ခြင်း မပြုလုပ်ရ
(၃) ATOM သည် မြန်မာနိုင်ငံ ဆက်သွယ်ရေးဥပဒေ၊ စည်းမျဉ်းများနှင့် လိုင်စင်လိုအပ်ချက် များကို လိုက်နာမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန (Regulator) မှ သတ်မှတ်ထားသော ဝန်ဆောင်မှုအရည်အသွေးစံနှုန်းများအပါအဝင် ဥပဒေများနှင့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည် ဖြစ်ပါသည်။
ဝန်ဆောင်မှုမြန်နှုန်း နှင့် ရရှိနိုင်မှု
(၁) ဝန်ဆောင်မှုမြန်နှုန်း နှင့် လှိုင်းအကျယ်အဝန်း အတိုင်းအတာ(bandwidth)တို့သည် သင်ရွေးချယ်သုံးစွဲသော ဝန်ဆောင်မှု အစီအစဉ်အပေါ် တွင်မူတည်ပါမည်။ လူကြီးမင်းရရှိနိုင်မည့် အမြင့်ဆုံး မြန်နှုန်းမှာ ၄င်းနှင့်ကွန်ရက်ကြားတွင် ကေဘယ်ကြိုး သို့မဟုတ် ၀ိုင်ဖိုင်(Wi-Fi)ဖြင့် ချိတ်ဆက်ခြင်း၊ လူကြီးမင်းအဆောက်အအုံရှိ နံရံကို ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊ နှင့် လူကြီးမင်းအတွက် ဤသီးသန့်ချိတ်ဆက်မှုတွင် ပါဝင်နေသည့် သုံးစွဲသူအရေအတွက်တို့ အပါအဝင် သို့သော် ယင်းတို့မျှသာဟု ကန့်သတ်ထားခြင်းမရှိစေဘဲ၊ များစွာသော အချက်တို့ အပေါ်တွင် မူတည်လျက်ရှိပါသည်။ ယင်းတို့အပြင် လူကြီးမင်း ဝင်ရောက် ရယူနေသော ဖိုင်များ သို့မဟုတ် သတင်းအချက်အလက်တို့၏ ပေါင်းစပ်ဖွဲ့စည်းပြုလုပ်ထားမှု၊ သုံးစွဲမှု၊ နှင့် အင်တာနက်တပြိုင်နက်သုံးစွဲနေမှုပမာဏ၊ လူကြီးမင်းနှင့်ဆက်သွယ်နေ သော ဆာဗာ(server) နှင့် လူကြီးမင်းနှင့်အခြားသူများ ဆက်သွယ်ရန်သုံးစွဲနေသော ကွန်ရက်တို့ အပေါ်တွင်မူတည်၍ ရည်ညွန်းကာလ တစ်ခုတွင်လူကြီးမင်းရရှိနေသော မြန်နှုန်းသည် ပြောင်းလဲသွားနိုင်ပြီး လူကြီးမင်းရယူထားသောအမြင့်ဆုံးမြန်နှုန်းအောက်လည်း နည်းပါးသွားနိုင်ပါသည်။
(၂) အထက်ပါ အခြေအနေများအပေါ် အခြေခံ၍ လူကြီးမင်းသည် မည်သည့် သီးသန့် သတ်မှတ်မြန်နှုန်းတစ်ခုတွင် uploadတင်ပေးခြင်းသို့မဟုတ် download ဆွဲခြင်းကို ဆောင်ရွက်နိုင်လိမ့်မည်ဟု အတိအလင်းသော်လည်းကောင်း သို့တည်းမဟုတ် ယင်းကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေ၍သော်လည်းကောင်း ATOM အနေဖြင့် အာမခံ သို့မဟုတ် ကတိ ပေးနိုင်ခြင်းမရှိပါ။ အကယ်၍ လူကြီးမင်းအနေဖြင့် ဝန်ဆေင်မှု၏ မြန်နှုန်းနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ATOM ၏ သုံးစွဲသူများဝန်ဆောင်မှုဌာန(customer service) ဖုန်း-၀၉၇၈၀၀၀၈၀၈၀ သို့ ကျေးဇူးပြု၍ ဆက်သွယ်စေလိုပါသည်။
ခေတ္တ ဆိုင်းငံ့ထားခြင်း၊ ဖြတ်တောက်ခြင်း သို့မဟုတ် ရပ်စဲခြင်း
(၁) အောက်ပါ အခြေအနေတို့တွင် ဝန်ဆောင်မှုကို အမြဲတမ်း သို့မဟုတ် ခေတ္တယာယီအားဖြင့် ဆိုင်းငံ့ထားခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ ပြုလုပ်ပိုင်ခွင့် ATOM ကရရှိထားသည်။
လူကြီးမင်းသည် ကွန်ပြူတာ သို့မဟုတ် မိုဘိုင်းဖုန်း သို့မဟုတ် ဝန်ဆောင်မှုများကို ဤစည်းကမ်းသတ်မှတ်ချက်များအောက်တွင် ခွင့်ပြုထားသည့်နည်းလမ်းများဖြင့် သုံးစွဲခြင်းမရှိဟု ATOM ကယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင် ယူဆသည့်အခါတွင်
ဝန်ဆောင်မှုများကို ဝင်ရောက်ရယူသုံးစွဲရန် အသုံးပြုရသော သုံးစွဲသူဆိုင်ရာ သက်သေခံ အထောက်အထား သို့မဟုတ် စကားဝှက်ကို ခွင့်ပြုချက်မရှိဘဲ၊ တရားမဝင်၊ မမှန်မကန် သို့မဟုတ် လိမ်လည်လှည့်ဖျားသည့် နည်းလမ်းများဖြင့် ရရှိထားသည်ဟု ATOM ကယင်း၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင် လူကြီးမင်းသည် ဤစည်းကမ်းသတ်မှတ်ချက်များကို ကြီးလေးစွာချိုးဖောက်သည့်အခါ သို့မဟုတ် မလိုက်နာသည့်အခါ
ဝန်ဆောင်မှုအတွက် ကျသင့်သည့်ငွေအား လူကြီးမင်းတို့ ပေးချေမှုသည် ခိုးယူမှု ပုံစံအားဖြင့် သို့မဟုတ် အခြားနည်းအားဖြင့် တားမြစ်ထားသော သို့မဟုတ် မမှန်ကန် သော debitကဒ် သို့မဟုတ် credit ကဒ် ဖြင့် ပေးချေသည့်နည်းလမ်းကို သုံးစွဲ၍ လူကြီးမင်းပေးချေသည်ဟု ATOM ကယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင် သို့မဟုတ် အကယ်၍ credit ကဒ် သို့မဟုတ် debit ကဒ်ဖြင့် ပေးချေမှုကို နောင်ကာလတွင် ATOMထံမှ ပြန်လည် ကောက်ခံခြင်း ခံရသည့်အခါ
လူကြီးမင်း၏ router ပျက်စီးခြင်း၊ သို့မဟုတ် ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရသည်ဟု ATOM အား အကြောင်းကြားသည့်အခါ
လူကြီးမင်းက မည်သည့်ကိစ္စကိုမဆို ထိုသို့ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရန်ခွင့်ပြု၍ ထိုသို့ပြုလုပ်ခြင်းသည် ဝန်ဆောင်မှု၏ လုံခြုံရေး သို့မဟုတ် လည်ပတ်ဆောင်ရွက်မှုကို ပျက်စီးစေမည် သို့မဟုတ် သက်ရောက်မှုရှိစေမည်ဟု ATOM ကယုံကြည်သောအခါ
လူကြီးမင်း ဒေဝါလီ ခံသောအခါ သို့မဟုတ် လူကြီးမင်း၏ ကြွေးရှင်များထံအပ်နှံရန် စီစဉ်ခံရသောအခါ သို့မဟုတ် လူကြီးမင်း ၏ လုပ်ငန်းများ ဖျက်သိမ်းခံရသောအခါ သို့မဟုတ် စီမံအုပ်ချုပ်ခွင့်နှင့်စပ်လျဉ်းသည့် အမိန့်ချမှတ်ခံရသောအခါ သို့မဟုတ် လူကြီးမင်း၏ မည်သည့် ပိုင်ဆိုင်မှုများအပေါ်တွင်မဆို လွှဲပြောင်းလက်ခံရရှိမည့်သူ ခန့်အပ်ခြင်းခံရသောအခါ
ATOM က ဝန်ဆောင်မှုများကို လူကြီးမင်းထံသို့ အမြဲထာဝရ ပေးအပ် နိုင်ခြင်းမရှိတော့သောအခါ၊ သို့မဟုတ်
ဥပဒေ သို့မဟုတ် အာဏာပိုင်များ သို့မဟုတ် အရေးပေါ်အခြေအနေများက လူကြီးမင်းထံသို့ ဝန်ဆောင်မှု ပေးအပ်ရန် ATOM အား ခွင့်မပြုသည့်အခါ
(၂) လူကြီးမင်း၏ပြစ်ချက်ကြောင့်ဟု ATOMက ဆုံးဖြတ်ယူဆပြီး ဝန်ဆောင်မှု ခေတ္တဆိုင်းငံ့ထားရမည့် သို့မဟုတ် ရပ်စဲရမည့် ကိစ္စရပ်များတွင် လူကြီးမင်း အကောင့်တွင်ရှိသည့် မည်သည့် လက်ကျန်ပမာဏကိုမဆို လူကြီးမင်း ဆုံးရှုံးရမည်ဖြစ်သည်။ သို့သော်လည်း ခေတ္တဆိုင်းငံ့ထားရမည့် သို့မဟုတ် ရပ်စဲရမည့် ကိစ္စရပ်များသည် လူကြီးမင်း ၏ပြစ်ချက်ကြောင့် မဟုတ်ခဲ့သည့်ကိစ္စရပ်တွင် ATOM သည် ဝန်ဆောင်မှုကို လူကြီးမင်းထံသို့ ပြန်လည် ချိတ်ဆက်ပေးရန် သင့်တော်သည့် ကြိုးပမ်း အားထုတ်မှုများကို ပြုလုပ်သွားပါမည်။ ထို့အပြင် ခေတ္တ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းမတိုင်မီက လူကြီးမင်း၏အကောင့်ထဲတွင် ယ္ခင်ရှိသည့် လက်ကျန်ပမာဏအတိုင်း ပြန်လည်ရရှိအောင်လည်းပြုလုပ်ပေးသွားပါမည်။
(၃) ဝန်ဆောင်မှုကိုရပ်စဲလိုပါက ရပ်စဲလိုသည့် နေ့ရက်မတိုင်မီ ATOM Contact Center သို့ (၁၅)ရက် ကြိုတင် သို့မဟုတ် လကုန်ရက်မတိုင်မီ အကြောင်းကြား၍ ရပ်စဲနိုင်ပါသည်။ ကြိုတင် ဖြည့်တင်းထားသော လက်ကျန်ပမာဏနှင့်စပ်လျဉ်းသော ကိစ္စရပ်တွင် လူကြီးမင်း၏ အကောင့်ရှိ လက်ကျန်ပမာဏများအားလုံး ကုန်ဆုံးသွားသည့်အခါမှသာ ဝန်ဆောင်မှုအား ရပ်စဲခြင်း ပြုပါမည်။
(၄) ATOM က ၄င်းသန္နိဌာန်ပြုထားသည့် ဝန်ဆောင်မှုအရည်အသွေးအတိုင်း ပြည့်မီအောင် ပေးအပ်နိုင်ခြင်းမရှိပါက ဝန်ဆောင်မှုရပ်စဲပိုင်ခွင့် လူကြီးမင်းတွင်ရှိပါသည်။ အကယ်၍ ဤအပိုဒ်၏အောက်တွင် ရပ်စဲခဲ့ပါက လူကြီးမင်းအကောင့်တွင် ဖြည့်တင်းထားရှိ၍ လူကြီးမင်း သုံးစွဲခြင်းမပြုရသေးဘဲ ကျန်ရှိနေသော ပမာဏကို ATOM က ပြန်လည် ထုတ်ပေးသွားပါမည်။
ဆုံးရှုံးနစ်နာမှုများမှ ကာကွယ်ခြင်း
(၁) သက်ဆိုင်ရာ တောင်းခံမှုသည် အကျိုးအကြောင်းညီညွှတ်သည်ဖြစ်စေ မညီညွှတ်သည်ဖြစ်စေ၊ ATOM ၏ ပေါ့လျော့မှုကြောင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ နှင့် တတိယပုဂ္ဂိုလ်/အဖွဲ့ထံမှ တောင်းခံမှုပါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဤစည်းကမ်းသတ်မှတ်ချက်များအောက်တွင် လူကြီးမင်း၏ မည်သည့် ချိုးဖောက်မှု သို့မဟုတ် မည်သည့်တည်ဆဲဥပဒေများ အောက်တွင်မဆို ပေါ်ပေါက်၍ ဆန့်ကျင်တောင်းခံသော မည်သည့် သဘော သဘာဝရှိသော ရပိုင်ခွင့်များဖြင့် အခိုင်အမာတောင်းခံခြင်းအားလုံး၊ အရေးယူမှုများ၊ တရားစွဲဆိုမှုများ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ပေးရန်တာဝန်များ၊ ဆုံးရှုံးမှုများ၊ ပေးချေဖြေရှင်းရခြင်းများ၊ တရားစရိတ်များ နှင့် ကုန်ကျမှုများ(သင့်တင့်မျှတသော ရှေ့နေကြေး နှင့် စရိတ်များ အပါအဝင် သို့သော် ကန့်သတ် ထားခြင်း မရှိ) ("တောင်းခံမှုများ") မှမဆို ATOM ၏ဝန်ထမ်းများ၊ အရာရှိများ၊ ဒါရိုက်တာများ၊ တဆင့်ခံ စာချုပ်ချုပ်ဆိုထားသူများ (subcontractors)၊ ကိုယ်စားလှယ်များ၊ ရှယ်ရာရှင်များ (stockholders)၊ လက်အောက်ခံအဖွဲ့များ အပါအဝင် ATOM အား မည်သည့် အချိန်တွင် မဆို ထိခိုက်နစ်နာခြင်းမရှိစေရန် နှင့်ဆုံးရှုံးနစ်နာမှုမှကာကွယ်ကင်းလွတ်စေရန် ကတိ ကဝတ် ပြုတာဝန်ယူပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ
(၁) သုံးစွဲသူ၏သဘောတူညီမှုပုံစံ (CAF) ပေါ်တွင်ဖြည့်ထားသော သင်၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက်များကို စနစ်တကျသိမ်းဆည်းထားပါသည်။ ပုဂ္ဂိုလ်ရေး သတင်း အချက်အလက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ လုပ်ကိုင်ရာတွင်၊ သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း အချက်အလက်များကို ပိုမိုလုံခြုံစိတ်ချစွာ ထိန်းသိမ်းထားပြီးဖြစ်ကြောင်း သင့်လျော်သော အဆင့်များဖြင့် အတည်ပြုခဲ့ပါသည်။ ပုံမှန်အားဖြင့် မည်သည့်ဝန်ဆောင်မှုကိုမဆို သတင်း အချက်အလက်လုံခြုံမှုများကို ပြန်လည်စစ်ဆေးကြည့်ရှုခြင်း၊ မိတ်ဖွဲ့အဖွဲ့ဝင်များနှင့် သဘောတူစာချုပ်များထားရှိခြင်းစသော အဆင့်များစွာပါ၀င်ပါသည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက်များအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲတရား ဥပဒေများနှင့် အညီ၊ နိုင်ငံတကာ မှ လက်ခံနိုင်သော အတွေ့အကြုံကောင်းများနှင့်အတူ စီမံဆောင်ရွက် ထားပါသည်။
(၂) လူကြီးမင်းမှ ATOM သို့ပေးပို့ထားသော သတင်းအချက်အလက်တို့ကို အောက်ပါ တို့အတွက်ရည်ရွယ်၍ ATOM နှင့် ၄င်းတို့၏ မည်သည့် လက်အောက်ခံ အဖွဲ့အစည်းတို့ကမဆို သုံးစွဲခွင့်ရှိသည်ဟု လူကြီးမင်းကိုယ်တိုင် သိရှိပြီးသည့်အလျောက် ရှင်းလင်းပြတ်သားစွာ သဘောတူညီပါသည်။
သင့်အကောင့်ကို စီမံခန့်ခွဲရန်၊ သုံးစွဲသူများအတွက် ရှင်းလင်း ပြန်ကြားပေးရေး လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန်၊ ကျွန်ုပ်တို့၏ ၀န်ထမ်းများအား သင်ကြား ပို့ချ ရန် (ဖုန်းခေါ်ဆိုခြင်းနှင့် သင်တို့ပေးပို့လိုက်သော အီးမေးလ်(သို့မဟုတ်) မက်ဆေ့ချ် များကို ကြီးကြပ်ခြင်းဆိုင်ရာများ ပါ၀င်သော သင်တန်းများတွင်)
ကွန်ရက်၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုအား စောင့်ကြည့်ရန်၊ အိုင်တီ နည်းစနစ်များကို စမ်းသပ်စစ်ဆေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်။
ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုက်ကို သင်အသုံးပြုမှုနှင့် သင်၏အသုံးပြုမှုဆိုင်ရာ အချက်အလက်များ အပါအဝင်၊ သုံးစွဲမှုများအပါ၀င် (သို့ရာတွင်) ယင်းတို့ကသာ ဟုကန့်သတ်ထားခြင်း မရှိဘဲ စျေးကွက်ဖော်ဆောင်ရေး ရည်ရွယ်ချက်များအတွက် သင်တို့၏ ၀န်ဆောင်မှုသုံးစွဲခြင်းများကို လေ့လာဆန်းစစ်ရာတွင်
ATOM Global Privacy Notice တွင် ထုတ်ပြန်ထားသော ATOM ၏ ပုဂ္ဂိုလ်ရေး အချက် အလက်ဆိုင်ရာ ကြေညာစာတွင် ဆက်လက် ဖေါ်ပြထားသကဲ့သို့သော အခြားသော သုံးစွဲခြင်းများ
စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ချက်များ
(၁) ဤစည်းကမ်းသတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ATOM မှ ပြင်ဆင်နိုင် ပါသည်။ ပြင်ဆင်ချက်များအား သင့်တော်သည့်နည်းလမ်းများဖြင့် အနည်းဆုံး ၇ ရက် ကြိုတင် ၍ ATOM က လူကြီးမင်းအားအကြောင်းကြားပါမည်။ အကယ်၍ ပြောင်းလဲ ပြင်ဆင်ချက် များကို သဘော မတူညီပါက ATOM ထံသို့ အကြောင်းကြား၍ ဝန်ဆောင်မှုသုံးစွဲခြင်းကို လူကြီးမင်း ရပ်စဲ နိုင်ပါသည်။ အကြောင်းကြားပြီးနောက် ဆက်လက်သုံးစွဲခြင်းသည် အဆိုပါ ပြောင်းလဲ ပြင်ဆင်ချက်များကို လူကြီးမင်းက သဘောတူညီပြီးဖြစ်သည်ဟု နားလည် မှတ်ယူ ပါမည်။
အထွေထွေကိစ္စရပ်များ
(၁) ATOM သည် မည်သည့်အချိန် မည်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့ ထံသို့မဆို ဤသဘော တူညီချက်ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။ ATOM ၏ စာဖြင့်ရေးသားခွင့်ပြုချက်ဖြင့် လူကြီးမင်းတွင်လည်း ဤသဘောတူညီချက်ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။
တိုင်တန်းချက်များ/အငြင်းပွါးမှုများကို ဖြေရှင်းခြင်း
(၁) လူကြီးမင်းတွင် မကျေနပ်ချက်တစ်စုံတစ်ရာရှိပါက၊ ATOM Business Contact Center နံပါတ်- +959780008080 သို့ ကျေးဇူးပြု၍ ဆက်သွယ်အကြောင်းကြားစေလိုပါသည်။
(၂) ATOM နှင့် လူကြီးမင်းကြားတွင် တစ်စုံတစ်ရာ အငြင်းပွါးဖွယ်ရာကိစ္စရပ်ရှိပါက ပြေလည်စွာ ဖြင့်အတူဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ အကယ်၍ အငြင်းပွါးမှုကို ပြေလည်စွာ မဖြေရှင်းနိုင်ခဲ့ပါက ယင်းကိစ္စကိုတရား ရုံးတော်တွင် အဆုံးအဖြတ်ခံယူရပါမည်။
© 2026 All rights reserved by ATOM Business.
Contact Us : + 959780008080 , 8080 ( ATOM User )